မြန်မာ့စားသုံးသူအရေးအစီရင်ခံစာ – အီး-ကုန်သွယ်ရေးအစီရင်ခံစာႏွင့် စားသုံးသူအရေးကိစ္စများ (၂၀၁၈-၂၀၁၉)

November 5 2019 | | no comment

Downloads

Downloads

 

မြန်မာ့စားသုံးသူအရေးအစီရင်ခံစာ – အီး-ကုန်သွယ်ရေးအစီရင်ခံစာႏွင့် စားသုံးသူအရေးကိစ္စများ (၂၀၁၈-၂၀၁၉)

မြန်မာ့စားသုံးသူအရေးအစီရင်ခံစာ – အီး-ကုန်သွယ်ရေးအစီရင်ခံစာနွင့် စားသုံးသူအရေးကိစ္စများ (၂၀၁၈-၂၀၁၉)

Myanmar-Consumer-Report: E-Commerce Survey Report and Other Consumer Issues (2018-2019)

Download: Myanmar-Consumer-Report-2019-mm.pdf

ဤအစီရင်ခံစာကို မြန်မာစားသုံးသူများသမဂ္ဂ (MCU) က Empower Consultancy Limited မှ တစ်ဆင့် ရန်ကုန်၊ မန္တလေး၊​ နေပြည်တော် နှင့် မော်လမြိုင်မြို့ကြီးများတွင် ပြုလုပ်သည့် အီး-ကုန်သွယ်ရေးလေ့လာချက် သုတေသန လုပ်ငန်း၏ ရလဒ်နှင့် MCU သို့ အွန်လိုင်းတိုင်ကြားသည့် စားသုံးသူအရေးကိစ္စများပေါ် အဓိကအားဖြင့် အခြေခံထား၏။ ဤစစ်တမ်းကို နိုင်ငံတကာဖွံ့ဖြိုးရေးဆိုင်ရာ အမေရိကန် အေဂျင်စီ (USAID) က ၎င်း၏ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်ချက် (PSDA) မှတစ်ဆင့်ထောက်ပံ့သောရန်ပုံငွေဖြင့် အကောင်အထည်ဖော်နေသည့် တစ်နှစ်ကာလ အတွင်းပြုလုပ်ခဲ့ခြင်း ဖြစ်၏။

 

ဤလေ့လာချက်က အီး-ကုန်သွယ်ရေးအား AKAP (သတိပြုမိခြင်း၊ သိရှိခြင်း၊ သဘောထား၊ အလေ့အကျင့်)၊ အီး-ကုန်သွယ်ရေး ကို အသုံးပြုရာတွင် ကြုံတွေ့ခဲ့ရသည့် ပြဿနာ၊​ အခက်အခဲ၊ အတားအဆီးများ၊ စားသုံးသူများအနေနှင့် ပြဿနာကို ဖြေရှင်းရာတွင် ရရှိနိုင်သည့် ဝန်ဆောင်မှု အမျိုးအစား၊ စားသုံးသူများသည် ပြဿနာကို မည်ကဲ့သို့ ဖြေရှင်းလိုသနည်း ဟူသည်နှင့် ပြဿနာကို လက်တွေ့ဖြေရှင်းခြင်းတို့အကြား ကွာဟချက်၊​ စားသုံးသူများအား ပိုပြီး အကာအကွယ်ပေးနိုင်ရန် အကြံပြုချက်၊ အီး-ကုန်သွယ်ရေး ဥပဒေနှင့် အာဆီယံစံနှုန်းတို့ သဟဇာတဖြစ်မှုတို့ကိုလည်း အစီရင်ခံထားသည်။

 

စစ်တမ်းတွေ့ရှိချက်များက ဖြေဆိုသူ ဆယ်ယောက်အနက် နှစ်ဦးကသာ လွန်ခဲ့သည့် သုံးနှစ်အတွင်း စားသုံးသူများ၏ တာဝန် ဝတ္တရား၊​ အခွင့်အရေးနှင့် အကာအကွယ်ပေးမှုတို့နှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို ရရှိသည့် အကြောင်း ရှာဖွေတွေ့ရှိခဲ့၏။ ထိုအချက်အလက်များကို ဖေ့စ်ဘုတ်၊ တယ်လီဖုန်း၊​ အင်တာနက်၊ လက်ကမ်းစာစောင်၊ ပိုစတာစသည်တို့အပါအဝင် မီဒီယာ အသေးစားများမှသာ ၎င်းတို့ရရှိခဲ့ခြင်းဖြစ်၏။ စားသုံးသူများရော၊ ဝန်ဆောင်မှု ပေးသူများပါ စားသုံးသူနှင့် ဝန်ဆောင်မှုပေးသူ၏ ရပိုင်ခွင့်နှင့် တာဝန်ဝတ္တရား များအကြောင်း နှင့် စားသုံးသူကာကွယ်ရေး ဥပဒေ (CPL) တို့ကို ဂဃနဏ မသိကြ။ ခွဲခြမ်းစိတ်ဖြာ လေ့လာချက်များက ဖြေကြားသူများသည် ဥပဒေပြုအဖွဲ့များ၏ တာဝန်နှင့် ဝတ္တရားများနှင့်ပတ်သက်သည့် ဗဟုသုတများထက် စားသုံးသူနှင့် ဝန်ဆောင်မှုပေးသူ၏ ရပိုင်ခွင့်နှင့် တာဝန်ဝတ္တရားများ အကြောင်းကို ပိုမိုသိရှိနားလည်ကြကြောင်း မီးမောင်းထိုးပြနေ၏။ အချို့ စားသုံးသူများဆိုလျှင် စားသုံးသူရေးရာဦးစီးဌာန နှင့် စားသုံးသူကာကွယ်ရေးဥပဒေ ရှိကြောင်းကိုပင်လျှင် မသိကြ။ စားသုံးသူများ နှင့် ဝန်ဆောင်မှုပေးသူများ၏ အသိပညာနည်းပါးမှုက ပြဿနာများစွာကို ဖြစ်ပေါ်စေသလို စားသုံးသူကာကွယ်ရေး ထိန်းကျောင်း သူ အာဏာပိုင်အဖွဲ့ များအား သတင်းအချက်အလက်ပေးခြင်း အလွန်နည်းပါးစေခဲ့သည်။

 

ဖြေကြားသူအများစုက အီး-ကုန်သွယ်ရေး၏ ကောင်းကျိုးများရော ဆိုးကျိုးများကိုပါ သဘောတူခဲ့ကြ၏။ အွန်လိုင်းဈေးဝယ်ခြင်း၌ ကြော်ငြာခြင်းနှင့် ပစ္စည်းမှာယူခြင်းနည်းလမ်းများအတွက် ဖေ့စ်ဘုတ်မှာ အဓိက မီဒီယာတစ်ခု ဖြစ်ခဲ့၏။ ဖြေဆိုသူ အားလုံးလိုလို သည် အွန်လိုင်းဈေးဝယ်ခြင်းအတွက် ပိုက်ဆံကို ငွေသားဖြင့်သာ ပေးချေခဲ့ကြ၏။  စားသုံးသူများက ပြဿနာများကို တင်ပြလာသူ စားသုံးသူအချိုးအစားမှာ (၂၀%) အောက်သာရှိပြီး ဝန်ဆောင်မှုပေးသူများ ကိုသာ အဓိကတိုင်ကြားကြပြီး တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်နေသည့်အဖွဲ့အစည်းများသို့ ၎င်းတို့၏ အီး-ကုန်သွယ်ရေးအမျိုးအစား အားလုံးအတွက် တိုင်ကြားမှုများမှာ (၃%)သာရှိပြီး အလွန်နည်းနေသေး၏။ တိုင်ကြားမှုများကို ဖြေရှင်းခြင်းနှင့် ရှေ့ဆက်ဆောင်ရွက်ရမည့်နည်းလမ်းများတွင် အတားအဆီးများရှိနေကြောင်းလည်း တင်ပြခဲ့ကြ၏။  မြန်မာနိုင်ငံတွင် အီး-ကုန်သွယ်ရေးဥပဒေ မရှိသကဲ့သို့ လက်ရှိ ရှိနေသည့် ဥပဒေများကလည်း စားသုံးသူများကို ထိထိရောက်ရောက် အကာအကွယ်လည်း မပေးနိုင်၊ တရားဥပဒေစိုးမိုးရေးမှာလည်း အလွန်အားနည်းနေသေးကြောင်း တွေ့ရှိရပါသည်။